ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Tuesday, September 17, 2013

ကမ္ဘာကြီးကို ပြောင်းလဲလိုက်သည့် မိုဘိုင်း၏ သမိုင်းကမ္ဘာကြီးကို ပြောင်းလဲလိုက်သည့် မိုဘိုင်း၏ သမိုင်း

အလွယ်တကူ ရွေ့လျားနိုင်ခြင်း၊ ရွှေ့နိုင်ခြင်းကို မိုဘိုင်းဟု အဓိပ္ပါယ် ဖွင့်သည်။ ယနေ့နိုင်ငံတကာဝေါဟာရတွင်မူ မိုဘိုင်းဆိုသည့် စကားလုံးကို "သယ်ယူနိုင်သည့် လက်ကိုင်ဖုန်း" ဟူ၍ပင် အလိုလိုနားလည်လာသည့် အထိ မိုဘိုင်းဖုန်းများက အရေးပါလာသည်။ ကလေးများအတွက် ဘ၀တွင် အကြမ်းတမ်းဆုံးအဖြစ်က အိမ်တွင် ဆဲလ်ဖုန်းတလုံးသာရှိခြင်းဖြစ်သည် ဟုပင် နောက်ပြောင်ပြောရလောက်အောင် နိုင်ငံအတော်များများတွင် ကလေးကအစ လူတိုင်း ဖုန်းကိုယ်စီဖြစ်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း Ooredoo နှင့်Telenor ကုမ္ပဏီကြီး ၂ခုကို လိုင်စင်ချပေးလိုက်သည့်နောက်ပိုင်း မိုဘိုင်းဝင်ရောက်မှု တဟုန်ထိုး
မြင့်တက်လာတော့မည်ဖြစ်သည်။ Mason သုတေသနအဖွဲ့က ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေထက် တဆပိုတိုးလာမည်ဟု ခန့်မှန်းသည်။

ယနေ့ခေတ်လူသားများ၏ နေ့စဉ်ဘ၀ကို လွှမ်းမိုးထားသည့် မိုဘိုင်း၏ သမိုင်းကိုကြည့်လျှင် ယနေ့ခေတ်တွင် တွေ့မြင်နေရသလိုနှုန်းမျိုးနှင့် နည်းပညာအသစ်များပေါ်လာနိုင်ခဲ့သည်တော့ မဟုတ်ပါ။
မိုဘိုင်းဆက်သွယ်မှု အကြံအစီ အစပျိုးချိန်မှာ ၁၈၆၀ အလယ်ပိုင်းနှစ် များက ဖြစ်သည်။ သင်္ချာပညာရှင် စကော့လူမျိုး ဂျိမ်းကလပ် မက်စ်ဝဲလ်က ညီမျှခြင်းတခုကို ထုတ်လုပ်ပြီး အဖြေထုတ်ရာတွင် အီလက်ထရီ သံလိုက်လှိုင်းများက အလင်းရောင်သွားနှုန်းနှင့် ရွေ့လျားသွားနိုင်ကြောင်း တွက်ချက် ခန့်မှန်းနိုင်ခဲ့သည်။ ၎င်းခန့်မှန်းချက်ကို အတည်ပြုရန် စမ်းသပ်ခန်းထဲတွင် နှစ် ၂၀ ကြာခဲ့ပြီး ၎င်းနောက် နောက်ထပ် အနှစ် ၂၀ ကြာမှ ပထမဆုံး မိုဘိုင်းကြိုးမဲ့ဆက်သွယ်မှု စတင်စမ်းသပ်တည်ထွင်နိုင် ခဲ့သည်။

၁၉ ရာစုနှောင်းပိုင်းတွင် ကြိုးမဲ့ကြေးနန်းနှင့် ကြိုးမဲ့ဖုန်းများက ဆက်သွယ်ရေးလောကကို ပြောင်းလဲစေခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သတင်းသည် လူများရွှေ့လျားနိုင်သည့်နှုန်းမှ အလင်းရွှေ့နိုင်သည့်
နှုန်းဖြင့် ပြောင်းလဲပြန့်နှံ့နိုင်ခဲ့သည်။ ထို့နောက် ၂၀ ရာစုတွင် ဒုတိယမိုဘိုင်း
တော်လှန်ရေး စတင်တော့သည်။ ၎င်းမှာ ရေဒီယိုအသံလွှင့်လုပ်ငန်းတွင် နည်းပညာ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ရေဒီယိုလှိုင်းများကို ကမ္ဘာ့နေရာတခုမှ
နောက်ကမ္ဘာ့နေရာတခုကို သီးခြား ပစ်မှတ်ထား ဦးတည်လွှင့်ထုတ်နိုင်ပြီး သတင်းများ ဖျော်ဖြေမှုများ ကမ္ဘာအနှံ့ပြန့်နှံ့နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုရေဒီယိုလှိုင်းသည် အသံလွှင့်လုပ်ငန်းတခုထဲမကတော့ဘဲ မိမိခေါ်ဆိုဆက်သွယ်လိုသောသူကို သီးခြားဆက်သွယ်ခေါ်ယူနိုင်သည့် မိုဘိုင်းဆက်သွယ်မှုအဖြစ် ပေါ်ထွက်လာခဲ့သည်။
ပထမဆုံး မိုဘိုင်းဖုန်းကို ၁၉၄၇ ခုနှစ်တွင် စတင်နိုင်ခဲ့သည်။ သို့သော် ယနေ့လူအသုံးများသည့် ဆယ်လူလာလက်ကိုင်ဖုန်း သမိုင်းကတော့ အနှစ် ၂၀ ခန့်သာရှိနေပါသေးသည်။ ဆယ်လူလာဖုန်းများ၏ တိုးတက်မှုနှုန်းကမူ စတင်ခဲ့သည့် အချိန်မှ ယနေ့အချိန်အထိ မြန်ဆန်လွန်းသဖြင့် ကမ္ဘာကြီးကို အချိန်တိုတိုအတွင်း မိုဘိုင်းလွှမ်းမိုးသောခေတ်ကို ရောက်စေခဲ့သည်။ အတိတ်က ဖြစ်ခဲ့သည့် ဖွံ့ဖြိုးမှုတော်လှန်ရေးသမိုင်းအဆင့်ဆင့်တွင် မိုဘိုင်းဆဲလ်လူလာ တော်လှန်ရေးက အမြန်ဆုံးနှင့် အအောင်မြင်ဆုံး
ဖြစ်သည်။

ကြိုးနီစနစ်နှင့် နည်းပညာသစ်အပေါ် သံသယများပြားခဲ့သဖြင့် ကနဦး မိုဘိုင်း တည်ထောင်သူများ အတော်ပင် အခက်အခဲတွေ့ခဲ့ရသည်။ ၁၉၄၇ ခုနှစ်တွင် အမေရိကန်နိုင်ငံတွင် At&T က ပထမဆုံးမိုဘိုင်း ဆက်သွယ်မှု ကွန်ယက် ထူထောင်ရန် အဆိုပြုခဲ့သည်။ အကြိမ်ကြိမ်ပင် အစိုးရ ဆက်သွယ်ရေးကော်မရှင်၏ အငြင်းပယ်ခံခဲ့ရပြီး နောက်ဆုံး အနှစ် ၂၀ အကြာ ၁၉၆၈ မှာမှ ခွင့်ပြုချက်ရခဲ့သည်။ ၎င်းနောက် စမ်းသပ်မှုများ၊ ဥပဒေရေးရာများ၊ အငြင်းအခုံတွေကြားမှာပင် နောက်ထပ် ဆယ်စုနှစ်တခု ကြာမြင့်ခဲ့ရသေးသည်။

ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်းကို ၁၉၇၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် မိုတိုရိုလာ ကုမ္ပဏီက ထုတ်နိုင်ခဲ့သည်။ ထိုဖုန်းသည် ၁.၁ ကီလိုလေးပြီး ၂၃ စင်တီမီတာအရှည်နှင့် ၄.၄၅ စင်တီမီတာ ဗျက်ရှိသည်။ နယူးရောက်မြို့လည် မန်ဟက်တန်၏ ထင်ရှားသော 6th Avenue (စစ် အဲဗနူး) မှ လက်ကိုင်မိုဘိုင်းဖုန်းကို သုံးပြီး ပထမဆုံးခေါ်ဆိုလိုက်သောနေ့ သည် ယခုလက်ရှိ လူနေမှုစနစ်ကို အစပြုခဲ့သည့် မှတ်တိုင်တတိုင်ဟု ဆိုနိုင်ပေသည်။ ထိုကဲ့သို့သောဖုန်းများကို လူတိုင်းကိုင်တွယ် အသုံးပြုနိုင်သောနေ့ကို မျှော်လင့်ပါသည်ဟု လွန်ခဲ့သော နှစ် ၄၀ က မိုတိုရိုလာ၏ မန်နေဂျာက ပြောခဲ့သော်လည်း ယနေ့ခေတ်လို အနေအထားမျိုးကို ဤမျှမြန်မြန်ဆန်ဆန် ရောက်လာမည်ဟု ထင်ခဲ့မည် မဟုတ်ပါ။ ထိုခေတ်က လက်ကိုင်မိုဘိုင်းဖုန်းတလုံးသည် ဒေါ်လာ ၄ ထောင်ခန့်ရှိသည်။

မိုဘိုင်းဖွံ့ဖြိုးမှုသည် ယနေ့ ကမ္ဘာကြီးတခုလုံးကို ပို၍နီးကပ်သွားအောင် လုပ်နိုင်ခဲ့သည်။ တိုင်းပြည်နယ်နမိတ်များ၊ ပထ၀ီနယ်နမိတ်များ အားလုံးကို ဖြတ်ကျော်ပြီး ကမ္ဘာမှုပြုနိုင်ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခင်းအကျင်းများတွင်သာမက လူသားတို့၏ နေ့တဓူဝ ဘ၀များသည်လည်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။

ခင်မေဇော် (၀ါရှင်တန်ဒီစီ).

No comments:

Post a Comment

Blog Widget by LinkWithin