ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Wednesday, March 12, 2014

. မြန်မာစာ နှင့် အများ မှားသော ၊ အမှား များ -------------------------------------------- နေ့လယ်မှာချာချာလည် မကြာသေးတဲ့ အချိန်တစ်ခု က အမ အရင်းလိုခင်ရတဲ့တစ်ယောက်က "နေ့လည် နဲ့ နေ့လယ်" ဘယ်ဟာအမှန်လည်း ဆိုပြီး မေးတာကြုံရတယ်။ သူကတော့ နေ့လည်ဟာ အမှန်ပဲ ဆိုပြီး မုန့်ကျွေးကြေးသူငယ်ချင်းနဲ့ လောင်းခဲ့တယ်တဲ့။ကျွန်တော် သိလိုက်ပါတယ် အမ ရှုံးပီဆိုတာ။ တကယ်တော့ သူ အမှတ်မှားမယ်ဆိုလည်းမှားစရာပါ။ အခု အနီးနားမှာ ရှိတဲ့ မင်္ဂလာဖိတ်စာ တစ်စောင်ကို လှန်ကြည့်လိုက်ပါ။ နေ့လယ် ခင်းမှာကျင်းပတဲ့ မင်္ဂလာပွဲတွေမှာဆို နေ့လည် လို့ ရေးထားသလား နေ့လယ် လို့ ရေးထားသလား ဆိုတာ။နေ့လည် လို့ ပဲရေးထားတာကို တွေ့ရပါလိမ့်မယ်။တကယ်တော့ အမှားက မြင်ပါများတော့ အမှန် ထင်နေကြတာပါ။ ညသတ် နဲ့ "လည်" တဲ့ လည်က လည်ပတ်သည်၊ လည်ကုပ် စတဲ့ နေရာတွေမှာ သုံးတာပါ။"လယ်"ဆိုတာက အလယ်ခေါင် ၊ တစ်စုံတစ်ခုရဲ့ အလယ်ကို ဆိုလိုတာပါ။ ဒါကြောင့် "နေ့လယ်"ဆိုတာ နေ့တစ်နေ့ ရဲ့ အလယ် လို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဒါမှမဟုတ်ပဲ "နေ့လည်" လို့ ဆိုလိုက်တဲ့ အခါလည်ပတ်နေတဲ့ နေ့လားနေ့တစ်နေ့ ရဲ့ လည်ပတ်ချိန်ကိုဆိုလိုတာလား စတဲ့ လွဲမှားတဲ့ အဓိပ္ပါယ် ထွက်ပါတယ်။ အဓိပ္ပါယ် အထွက်မှားနေတယ်ပဲ ထားအုံး ဖတ်တဲ့ သူက ဆိုလိုရင်းသိရင်ပီးတာပဲ မဟုတ်လားလို့စောဒက တက်စရာရှိပါတယ်။မှန်ပါတယ်။ သို့သော် မြန်မာစာ လုံးပေါင်းသတ်ပုံ စည်းကမ်းကို ဖောက်ဖျက်သွေဖည်ရာကျပါတယ်။ယနေ့ခေတ် မြန်မာ လူငယ်တော်တော်များများဟာ အင်္ဂလိပ်စာ ရေးရင်စပယ်လင်(spelling)မှားမှာကို ဂရုစိုက်သလောက် မြန်မာစာ စားလုံးပေါင်းမှားမှာ ကိုတော့ ဂရုမစိုက်ကြပါဘူး။ ရောရောထွေးထွေး ဖြစ် "တ" နဲ့ "တစ်" "တ" နဲ့ "တစ်" ကိုအချို့တွေ ရောထွေးသုံးနေတာကို တွေ့ရပါတယ်။ တစ်ခါတလေ ဂျာနယ်တွေမှာပါ တွေ့ရပါတယ်။ဒါဟာ အလွယ်ရေးရင် အလွယ်လေးပါပဲ။ကိန်းဂဏန်း အဓိပ္ပါယ် သက်ရောက်လျှင် "တစ်"လို့သုံးပြီး၊ ကိန်းဂဏန်းသဘောမသက်ရောက်လျှင် "တ" လို့ သုံးပါတယ်။ဥပမာ- တစ်ကိုယ်တည်း ၊ တစ်ယောက်တစ်ပြန်စတာတွေ ဟာ ကိန်းဂဏန်း သဘောပါတဲ့ အတွက် "တစ်" လို့ သုံးပါတယ်။ ကိန်းဂဏန်းသဘော မပါတဲ့ဟာတွေကြတော့ ဘာတွေလဲဆိုရင်-တပင်တပန်း -တလှုပ်လှုပ်-တရင်းတနှီး စတာတွေဟာ ကိန်းဂဏန်းသဘောမပါတဲ့အတွက် "တ" နဲ့ သုံးရပါတယ်။ "တ"ရော "တစ်" ရော နှစ်ခုစလုံးသုံးရတဲ့စကားလုံးအချို့လည်းရှိပါတယ်။ဥပမာ- တစ်ခါတလေ ၊ တစ်ခုတလေ ။သတိပြုမှတ်သားပြီး ကွဲကွဲပြားပြား ရေးနိုင်ကြပါစေ။ အမှုမဲ့အမှတ်မဲ့ မပျောက်ပျက်အောင် မြန်မာစာ အသုံးအနှုန်းတွေ နဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတော်ကောင်စီလက်ထက်မှာ အမိန့်တစ်ခု ချမှတ်ခဲ့ဖူးပါတယ်။ခုနှစ်သက္ကရာဇ်ကိုဖော်ပြရာမှာ ၀(သုည) ဖြင့် ဆုံးတဲ့ နှစ်တွေကို "ပြည့်နှစ်" လို့ သုံးရန်၊သုညဖြင့်မဆုံးတဲ့ နှစ်တွေကို "ခုနှစ်" လို့သုံးရန် ဆိုသည့် သတ်မှတ်ချက်ကိုထိုအမိန့်တွင် တွေ့ရပါသည်။ထိုသတ်မှတ်ချက်အရ မြန်မာသက္ကရာဇ် ဆိုလျှင် ၀(သုည) နဲ့ ဆုံးသော(၁၅၃၀)ကို ၁၅၃၀ ပြည့်နှစ် လို့သုံးပြီး ၀(သုည) နဲ့ မဆုံးတဲ(့ ၁၃၁၂)ကို ၁၃၁၂ ခုနှစ်လို့ဖော်ပြရမှာ ဖြစ်ပါတယ်။မြန်မာစာလုံးအသုံးအနှုန်း မှန်ကန်ရေးအတွက် နိုင်ငံတော်က အမိန့်ထုတ်ပြန်သတ်မှတ်ပေးရသည့် သာဓက ကို ဖော်ပြတာဖြစ်ပါတယ်။ အထက်ဖော်ပြပါ အကြောင်းအရာလိုပဲ မြန်မာစာမှာ ကိန်းဂဏန်းတွေကို ဖော်ပြသည့် အခြားအသုံးအနှုန်း များတွင်လည်း ၀(သုည) နဲ့ ဆုံးသော ကိန်း နှင့် ၀(သုည) နဲ့ မဆုံးသော ကိန်း ဆိုပြီး ခွဲခြားသုံးရပါတယ်။၂၀၊ ၅၀ ၊ ၄၀၀ ၊ ၈၀၀ စသည်ဖြင့် သုည ဖြင့် ဆုံးသောကိန်းများကို ဆရာကြီးဦးဖေမောင်တင်က "ဆယ်ဆတိုးကိန်း"လို့ အမည်ပေးခဲ့ဖူးပါတယ်။၁မှစလို့၁၅ ၊ ၁၈ ၊ ၂၃၄ စတာတွေက ဆယ်ဆတိုးကိန်း မဟုတ်ပါဘူး။ဟုတ်ပြီ ..ဆယ်ဆတိုးကိန်းနဲ့ ဆယ်ဆတိုးကိန်းမဟုတ်သော ကိန်းတွေဟာ ဘယ်နေရာမှာ အသုံးနှုန်းကွဲသလဲ မေးရင်.. "မျိုးပြ" စကားသုံးနှုန်းတဲ့ အခါမှာ အသုံးကွဲပါတယ်။"လူ ၃ ယောက် ၊ ခွေး၆ ကောင် ၊ ဆင် ၈ စီး ၊ ကြက်ဥ ၉ လုံး" စတာတွေဟာ အမျိုးအစားပြ စကားလုံးများဖြစ်ပါတယ်။ထိုစကားတွေကိုသုံးနှုန်းတဲ့အခါမှာ ဆယ်ဆတိုးကိန်း မဟုတ်တဲ့ အရေအတွက်ကို "လူ ၃ ယောက် ၊ ခွေး ၅ကောင် ၊ ဆင် ၇ စီး ၊ ကြက်ဥ ၂ လုံး"စသည်ဖြင့်သုံးရပါတယ်။ဆယ်ဆတိုးကိန်း အရေအတွက်ကိုဖော်ပြတဲ့အခါမှာ "လူ အယောက် ၃၀ ၊ ခွေး အကောင်၆၀ ၊ ဆင် အစီး ၂၀ ၊ ကြက်ဥ အလုံး ၄၀ " စသည်ဖြင့် သုံးနှုန်းရပါတယ်။"ယောက် ၊ကောင် ၊ စီး ၊လုံး" ဆိုတဲ့ မျိုးပြများ ရှေ့မှာ "အ"ထည့်ပြီး "အယောက်၊ အကောင်၊ အစီး ၊ အလုံး" စသည်ဖြင့် သုံးနှုန်းရပါတယ်။ဒါမှမဟုတ် ထိုအတိုင်းမသုံးပဲ "လူ ၂၀ ၊ ခွေး ၄၀ ၊ .." စသည်ဖြင့် အမျိုးအစား ဖျောက်သုံးလည်း ရပါတယ်။ "က"နဲ့"မှ" နောက်တစ်ခုက "က" နဲ့ "မှ" အသုံးကို မှားသုံးနေကြတာ ကို ခဏခဏ တွေ့မြင်ရပါတယ်။ ဂျာနယ်တွေ ၊ စာစောင်တွေ ၊ကြေငြာတွေ ၊ စာပေဟောပြောပွဲတွေ ၊ လွှတ်တော်သတင်းတွေ၊ နိုင်ငံတော်ပိုင်သတင်းစာတွေ မှာလည်း"သမ္မတကြီး မှ မိန့်ခွန်းပြောကြားစဉ်" "ပြည်ထောင်စုဝန်ကြီးမှလှည့်လည်စစ်ဆေးစဉ်" စတဲ့.."က"သုံးရ မည့်နေရာတွေ မှာ "မှ" အသုံးတွေကိုသုံးနေကြတာ အတော်လေးကို ပလူပျံနေပါတယ်။ မြန်မာစကား သဒ္ဒါဖွဲ့ထုံးမှာ "က" ကိုပြုလုပ်သူပြ စကားအဖြစ်သုံးပြီး "မှ" ကို ထွက်ခွါရာပြစကားလုံးအဖြစ်သုံးပါတယ်။အချို့ နေရာတွေမှာ "က"နဲ့ "မှ" ကို အစားသုံးလို့ ရတာတွေလည်း ရှိပါတယ်။ဥပမာ- "ကျွန်တော် မန္တလေးက ပြန်လာသည်" ဆိုသည့် စာကြောင်းနှင့် "ကျွန်တော် မန္တလေးမှ ပြန်လာသည်"ဆိုသည့်စာကြောင်းမှာ "မှ"နေရာမှာ"က"ကို အစားထိုးသုံးလည်း ဆိုလိုရင်းမပျောက်ပါဘူး။ယနေ့စကားပြောဆိုရာမှာလည်း"မှ" ကို မသုံးတော့ပဲ"က"တစ်မျိုးတည်း သုံးနေကြပါပြီ။ အချို့နေရာတွေ မှာ "က"နဲ့"မှ" ကြောင့်အဓိပ္ပါယ် လွဲသွားတဲ့စာကြောင်းတွေလည်း ရှိပါတယ်။ ဥပမာ- "တပ်မတော်က လက်နက်ခဲယမ်းများကို သိမ်းယူသည်"ဟု သုံးလျှင်"တပ်မတော်က ရန်သူ၏လက်နက်ခဲယမ်းတွေကို သိမ်းယူသည်" လို့ အဓိပ္ပါယ် ဖြစ်ပြီး"တပ်မတော်မှလက်နက်ခဲယမ်းများကိုသိမ်း ယူသည်" ဟု သုံးလျှင် "တပ်မတော်မှ လက်နက်ခဲယမ်းများကို ရန်သူ သိမ်းယူသည့်"အဓိပ္ပါယ်ထွက်သွားပါတယ်။ ဒါကြောင့် "က"နဲ့"မှ" အသုံးမှားရင် ဆန့်ကျင်ဘက် စာကြောင်းတွေ ဖြစ်သွားတယ်ဆိုတာကို ဆရာကြီးဦးဖေမောင် တင်က အထက်ပါဥပမာနဲ့ မိန့်ကြားခဲ့ပါတယ်။ တကယ်လို့ မိမိက "က"သုံးရမလား"မှ"သုံးရမလားမသဲကွဲရင် "က" ပဲသုံးကြဖို့အကြံပြုလမ်းညွှန်လိုပါတယ်။ ---------------------------------------- အထက်ဖော်ပြပါ အမှားတွေကို မပြင်ရင် ရော ဘာဖြစ်လဲ၊ အရေးယူမှာလား .စသည်ဖြင့် ကတ်တီးကပ်ဖဲ့ပြောချင်တဲ့သူတွေလဲ ရှိမှာပါ ။ မပြင်ရင်လည်း အရေးယူမှာ မျိုးတော့ မဟုတ်ပါဘူး ။ မြန်မာစာကသက်မဲ့ မြန်မာတွေ က သက်ရှိပါ။ မြန်မာစာပေတိုးတက်ရေးအတွက် ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။မြန်မာစာက ကျွန်တော်တို့ ပြုသမျှ နုရမှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော် တို့ ကိုယ့်စာပေ ကိုယ်မြတ်နိုးတတ်ပြီးသတိလေး နဲ့ ရေးသား နိုင်ကြပါစေ။ ဦးစစ်မင်း

No comments:

Post a Comment

Blog Widget by LinkWithin