ဤမှာမြေပြင် မြစိမ်းဆင်လျှက် ကောင်ကင်မိုးဝယ် နီလာချယ်၍ အိုဘယ့်လူသား နှစ်ရောင်ကြားဝယ် ခန့်ညားပေစ ခန့်ပေစ၊

Thursday, May 9, 2013

မဟတ္တမ ဂန္ဒီ၏.....အဖိုးတန်ဆုံး သြ၀ါဒစကား Madam Vijaya Lakshmi Pandit

.



Madam Vijaya Lakshmi Pandit
 
Madam Vijaya Lakshmi Pandit

 အမျိုးသမီး သူရဲကောင်း တစ်ယောက်ဖြစ်တဲ့ မဒမ် ပန်ဒစ်.. ( Mdm.Pandit ) ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီမှာ ရေးသားတဲ့ Reader Digest အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မဒမ် Pandit ကို ၁၉၀၀ ပြည့်နှစ်က မွေးဖွာြး...ပီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေး တိုက်ပွဲတွင် တက်ကြွစွာပါဝင်သော အမျိုးသမီး ခေါင်းဆောင် အဖြစ် နာမည်ကျော်ကြားခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ရုရှားနိုင်ငံ နှင့် ၁၉၄၉တွင် အမေရိကန်ပြည်ထောင်စုသို့ အိန္ဒိယနိုင်ငံ ကိုယ်စားပြုသံအမတ်ကြီးအဖြစ် စေလွှတ်ခြင်းခံရပြီး ၁၉၅၃ မှ ၁၉၅၄ အထိ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ရာတွင် ထိုတာဝန်ကို ထမ်းဆောင်ခွင့်ရသည့် ပထမဆုံး အမျိုးသမီးအဖြစ် ကျော်ကြားခဲ့ပါသည်။ ထို့နောက် ဗြိတိန်နိုင်ငံတွင် အိန္ဒိယ၏ မဟာမင်းကြီးတာဝန်ကိုလည်းကောင်း၊ ၁၉၅၅ တွင် အိုင်ယာလန်သံအမတ်အဖြစ်လည်းကောင်း ၁၉၅၈တွင် စပိန်သံအမတ်တာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့ပါသည်

ကျွန်မဘ၀အတွက် အဖိုးတန်ဆုံး သြ၀ါဒစကားကို လွန်ခဲ့သောဆယ်နှစ်ခန့်က ကျွန်မကြားနာခဲ့ရသည်။ ( ဆောင်းပါးကို ရေးချိန်တွင် ၁၉၅၅-၅၆ ခုနှစ် ဖြစ်သည်။ ) ဆုံးမစကားပြောကြားသူက ကမ္ဘာ့ အကြီးမြတ်ဆုံးလူသားတစ်ဦးဖြစ်သည့် မဟတ္တမ ဂန္ဒီဖြစ်သည်။

လူဆိုသည်မှာ လူသားအချင်းချင်း မယုံကြည်နိုင်စရာ ဖြစ်လာရသည့် အချိန်အခါမျိုးတွင် အကြီးကျယ်ဆုံး စိတ်ဆင်းရဲပင်ပန်းရစမြဲဖြစ်သည်။ ကျွန်မသည်လည်း ထိုအချိန်တုန်းက ၄င်းအနေအထားမျိုး ကြုံကြိုက်နေချိန်ဖြစ်သည်။

ခင်ပွန်းသည်ကွယ်လူပြီးမကြာခင် ခင်ပွန်းသည်အတွက် ပူဆွေးသောကကြီးမားနေချိန်မှာပင် ကျွန်မဘ၀ကို ထပ်မံဖျက်ဆီးလိုက်သည့် ကိစ္စကြီးတစ်ခု ထပ်ဆင့်ပေါ်ပေါက်လာခဲ့သည်။ အိန္ဒိယဥပဒေရှေ့မှောက်တွင် ကျွန်မသည် သီးခြားရပ်တည်ခွင့် မရှိဆိုတာ ဘွားကနဲ တွေ့လိုက်ခြင်းပင်ဖြစ်သည်။

အခြားသော အိန္ဒိယ တိုင်းရင်းသား တိုင်းရင်းသူများနည်းတူ ကျွန်မသည်လည်း နိုင်ငံလွတ်လပ်ရေး လှုပ်ရှားမှုများတွင် အမျိုးသားများနှင့် ရင်ဘောင်တန်းပြီး ဆင်းရဲဒုက္ခခံကာ ပါဝင်ခဲ့သည်။ သို့သော်လည်း အရေးကိစ္စထမြောက်အောင်မြင်သည့် အချိန်တွင် အမျိုးသမီးများအတွက် ဥပဒေသည် အမျိုးသားများနှင့် ဆက်စပ်ပြီးမှသာ စဉ်းစားဆုံးဖြတ်ခံရသည့် အခြေအနေမှာဘဲ ဆက်လက် ရပ်တည်ဆဲဆိုတာကို သိခွင့်ရလိုက်သည်။ ခင်ပွန်းဆုံးပါးသွားချိန်တွင် သားယောကျာ်းလေး မွေးမထားသော ကျွန်မအတွက် မိသားစုပိုင် ပစ္စည်းများကိ တစိုးတစိမျှပင် ဆက်ခံပိုင်ခွင့်မရှိတော့ပါ။ ကျွန်မတင်မက ကျွန်မသမီးသုံးယောက်လုံးသည်လည်း လုံးဝ ခံစားပိုင်ခွင့်မရှိပေ။

ဒီလောက် မတရားဖြစ်ရကောင်းလားဟု ကျွန်မ အကြီးအကျယ်ဒေါသထွက်မိသည်။ သည်လို ခေတ်နောက်ကျလှသည့် ဥပဒေမျိုးကို နှစ်သက်လက်ခံနေသော ကျွန်မမိသားစု အသိုင်းအ၀ိုင်းကိုလည်း ကျွန်မတစ်ကယ်နာကျည်းသွားခဲ့မိသည်။

ထိုအချိန်လောက်မှာပင် ကျွန်မ ဂန္ဒီကြီးနှင့် တွေ့ဆုံခဲ့သည်။ အမေရိကန်တွင် ကျင်းပမည့် ပစိဖိတ်ဆက်ဆံေ၇း ကွန်ဖရင့်သို့ တက်ရောက်ရန် မထွက်ခွာမှီ သွားရောက် ဂါရ၀ပြု နှုတ်ဆက်ခြင်းဖြစ်သည်။ နိုင်ငံေ၇းကိစ္စပြောဆိုပြီးချိန်တွင် ဂန္ဒီက "ဆွေမျိုးတွေနဲ့ သင့်သင့် မြတ်မြတ်ဖြစ်ပြီလား" ဟုမေးမြန်းခဲ့သည်။

သူကျွန်မနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်လိမ့်မည်ဟု တွေးမထင်မိသောကြောင့် ကျွန်မရုတ်တရက် အံ့အားသင့်သွားခဲ့မိသည်။ "ကျွန်မ ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး၊ ဒါပေမယ့် ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေဟောင်းကြီးကိုခုတုံးလုပ်ပြီး ကျွန်မကို အမြတ်ထုတ်နေတဲ့လူတွေ၊ ကျွန်မဒုက္ခရောက်အောင် နိမ့်ပါးအောင်လုပ်နေတဲ့ လူတွေကို ကျွန်မလုံးဝ ဆက်ဆံမှာမဟုတ်ဘူး။"

ကျွန်မစကားကိုနားထောင်ပြီး သူတစ်ဘက်ပြတင်းပေါက်ဘက်သို့လှည့်သွားသည်။ အတန်ကြာငေးပြီးနောက် ကျွန်မဘက်သို့ပြုံးပြီးစကားဆိုသည်။

"ဘာဘဲဖြစ်ဖြစ် သူတို့ကိုတော့ သွားပြီးနှုတ်ဆက်လိုက်ပါ၊ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်အရ လုပ်ရမယ့် ကိစ္စဘဲ။ တို့ရဲ့ အိန္ဒိယမှာ ဒီဓလေ့လေးတွေကို တန်ဖိုးထားကြတုန်းဘဲကွဲ့"

"ဟင့်အင်း။ ကျွန်မကို ဒုက္ခပေးတဲ့လူတွေဆီကိုတော့ ဘဘကြီးကျေနပ်အောင် မသွားနိုင်ပါဘူး" ကျွန်မအပြတ်ငြင်းမိသည်။

ဂန္ဒီကပြုံးပြီး "မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမင်းကို ဒုက္ခမပေးနိုင်ပါဘူးကွဲ့။ မင်းရင်ထဲမှာ အာဃာတတွေ သိပ်များနေတာဘဘမြင်နေရတယ်။ ဒါတွေကို မထိန်းချုပ်နိုင်ရင် မင်းမှာ အန္တရယ်ဖြစ်လာမယ်။ မင်း ဒီမှာ စိတ်မချမ်းသာဘူး၊ ဒီပတ်ဝန်းကျင်နဲ့ ဝေးချင်လို့ တိုင်းပြည်အသစ်တစ်ခုကို သွားမှာမဟုတ်လား၊ ဒါပေမယ့် မင်းဒီလူတွေဆီကသာ လွတ်နိုင်မယ်၊ မင်းကိုယ်မင်းတော့ လွတ်မြောက်နိုင်ပါ့မလား။ ရင်ထဲမှာ ဒေါသ အာဃာတတွေ ရှိနေတဲ့လူဟာ အပြင်မှာ ချမ်းသာသုခ ရှာတွေ့နိုင်ပါ့မလား။ ပြန်စဉ်းစားပါ။ နည်းနည်းလေးတော့ စိတ်လျော့လိုက်ပါ။ မင်းမှာ မင်းချစ်တဲ့သူတစ်ယောက်ဆုံးရှုံးခဲ့တယ်။ ဒါနဲ့တင် ၀မ်းနည်းပူဆွေးခဲ့ရပြီးပြီဘဲ။ ဘာလို့ ကိုယ့်ကိုယ်ကို ဆင်းရဲဒုက္ခထပ်ပေးနေဦးမှာလဲ။ ကိုယ့်နှလုံးသားကို ဖွင့်ပစ် ဆေးကြောပစ်ဖို့ သတ္တိ မမွေးနိုင်သေးရင် ကိုယ်ပဲ ဆက်ပြီး ထိခိုက်နာကျင်နေဦးမှာဘဲ.."

သူ့စကားတွေကျွန်မနားထဲ စွဲကျန်ခဲ့သည်။ သည်စကားတွေကြောင့် ကျွန်မရက်အတန်ကြာအောင် ယောက်ယက်ခတ်ခဲ့ရသည်။ တစ်ယောက်တည်း အကြောက်အကန် ငြင်းခုန်ဝေဖန်ပြီးနောက် ကျွန်မခဲအိုထံ ဖုန်းဆက်ဖြစ်သည်။ ကျွန်မ မထွက်ခွာမှီ သူတို့မိသားစုကို လာရောက်နှုတ်ဆက်ချင်ပါသည်ဟု.......။

ကျွန်မလာရောက်တွေ့ဆုံပြီးနောက် သူတို့ မိသားစုအားလုံးမှာ စိတ်လက်ပေါ့ပါးသွားကြောင်း ကျွန်မ သတိပြုမိသည်။ ကျွန်မ အစီအစဉ်တွေဖွင့်ဟပြောပြီးနောက် ကျွန်မ၏ ကဏ္ဍအသစ်အတွက် အောင်မြင်အောင် ဆုတောင်းပေးရန် သူတို့ကိုပြောဖြစ်သည်။ ယခုလိုတွေ့ဆုံခြင်းအကျိုးသက်ရောက်မှုကိုလည်း ကျွန်မတစ်ကယ်ခံစားမိသည်။ ကျွန်မအပေါ် ဖိစီးနေသည့် ၀န်ထုပ်ကြီးတစ်ခုပေါ့သွားသလိုခံစားလိုက်ရသည်။ ရင်ထဲမှာ ရှင်းလင်းပေါ့ပါးသွားပြီး လွပ်လွပ်လပ်လပ် ကိုယ့်စိတ်နှင့်ကိုယ် ပြန်ဖြစ်လာခဲ့သည်။

ဆွေမျိုးများနှင့်ပက်သက်သည့်၏ယခုအပြုအမူလေးသည် နောင်ကျွန်မထံဖြစ်ပေါ်လာမည့်သိသာပြောင်းလဲမှုအတွက် ရှေ့ပြေးနမိတ်လေးဖြစ်ခဲ့သည်။ နောက်တစ်နှစ်ခွဲအကြာတွင် နယူယောက်မြို့ ကုလသမ္မဂဆိုင်ရာ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့များ၏ ခေါင်းဆောင် အဖြစ်ရောက်ရှိနေပါသည်။ ထိုအချိန်တွင် အရေးကြီးသည့် ပြသနာက တောင်အာဖရိကတိုက်တွင် ရှိနေသည့် အိန္ဒိနွယ်ဖွားများအပေါ် ၄င်းတို့ ဆက်ဆံနေထိုင်ပုံများဖြစ်သည်။ ဒီကိစ္စနှင့် ပက်သက်ပြီး သူတို့ဘက်မှရော ကျွန်မတို့ဘက်ကပါ စကားလုံးများ ရင့်ရင့်သီးသီးပြောဆိုခဲ့ကြပြီး ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များက အိန္ဒိယ၏ ဂုဏ်သိက္ခာကိုရော ကျွန်မကိုယ်တိုင်ကိုပါ ထိခိုက်စော်ကားလာသည့် စကားတွေပြောကြသည့်အခါ ကျွန်မတစ်ခွန်းမခံ၊ အလားတူ စူးရှပြင်းထန်သည့် စကားလုံးများနှင့် ပြန်လည်ထိုးနှက် တိုက်ခိုက်ခဲ့သည်။

သူတစ်ပြန်ကိုယ်တစ်ပြန် စိတ်မချမ်းသာစရာ စကားစစ်ပွဲတစ်ခုဆင်နွှဲပြီးနောက် ဂန္ဒိပြောခဲ့ဖူးတာတွေ ကျွန်မသတိရသွားသည်။ သူဆိုလျှင် သဘောတူပါ့မလား၊ ကျွန်မတွေတွေးမိသည်။ သူက ဘယ်ကိစ္စမဆို လုပ်နည်းလုပ်ဟန် အကျိုးရလဒ်ကို တန်းတူပင်တန်ဖိုးရှိသည်ဟုမြင်သူဖြစ်သည်။ ရေရှည်အတွက်ဆိုလျှင် လုပ်နည်းလုပ်ဟန်ကပင် ပိုပြီး အရေးကြီးသည်ဟု မြင်သူဖြစ်သည်။ ယခုကိစ္စတွင်လည်း အဆုံးသတ် ကျွန်မတို့ နိုင်သည်ပင်ထားဦး ကိုယ်ရည်မှန်းသော အရာကို ရအောင်ယူသည့် အခါ ကျွန်မတို့ ကျင့်သုံးနေသည့်နည်းသည် အိန္ဒိယ၏ ဂုဏ်သိက္ခာကို အနည်းနှင့် အများထိခိုက်စေသည့်နည်းလမ်းမျိုးဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။

ထိုည အိပ်ရာမ၀င်မှီ ကျွန်မ ဆုံးဖြတ်ချက် တစ်ခုခု ချဖြစ်သည်။ မည်သို့သောအနေအထားမျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ကုလသမ္မဂတွင် ကျွန်မပြောကြားသည့်စကားများသည် ပေါ့ပေါ့တန်တန် ကရော်ကမည် စကားမျိုးလုံးဝမဖြစ်စေရဟု.....။

ထို့နောက်တွင် စကားစစ်ထိုးပွဲကို ပြသနာနှင့် ပက်သက်သည့် အကန့်အသတ် ဘောင်အတွင်းမှသာပြောတော့သည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို လုံးဝ လက်တုံ့ပြန်မနေတော့ပေ။ ထိုအခါတစ်ဘက်မှ ကျွန်မတို့ကို အဆင့်အတန်းရှိစွာ ပြန်လည်တုံ့ပြန်လာသည်။ နောက်ပိုင်းတွင်လည်း ပြသနာကို ကျိုးကြောင်းစိစစ် ဝေဖန်ဆွေးနွေးလာနိုင်ခဲ့သည်။

ဆွေးနွေးပွဲနောက်ဆုံးနေ့တွင် ကောက်မတီ အစည်းအဝေးမှ ပြန်မထွက်လာမှီ တစ်ဘက် ကိုယ်စားလှယ်ခေါင်းဆောင်ထံသို့ ကျွန်မသွားပြီးစကားပြောသည်။ " စကားအခြေတင်ပြောရင်း ကျွန်မလူကြီးမင်းကို အပြုအမူအားဖြင့်ဖြစ်စေ၊ စကားလုံးအားဖြင့်ဖြစ်စေ ထိခိုက် နစ်နာအောင် လုပ်ခဲ့မိတာရှိရင် ခွင့်လွှတ်ဖို့ ကျွန်မလာပြီး တောင်းပန်တာပါ" ဟုဆိုသည့်အခါ သူက ကျွန်မလက်ကို လှိုက်လှဲစွာ ဆုပ်ကိုင်လှုပ်ရမ်းရင်း "ဘာအပြစ်မှ ပြောစရာမရှိပါဘူးဗျာ" ဟုဆိုလေသည်။

၎င်းပုဂ္ဂိုလ်နှင့် သင့်မြတ်ပြေလည်မှုရခြင်းသည် တန်ဖိုးရှိပါ၏။ သို့သော် ကျွန်မကိုယ်တိုင်နှင့် ကျွန်မ သင့်မြတ်ပြေလည်သွားခြင်းက ပိုပြီးတန်ဖိုးရှိပါသည်။ ဂန္ဒီကြီး၏ သြ၀ါဒစကားက ကျွန်မကို ကျွန်မကိုယ်တိုင်၏ ရန်မှ နောက်တစ်ကြိမ်ကယ်တင်လိုက်ခြင်းဖြစ်သည်။

ကိစ္စတစ်ခု၏ အတိုင်းအတာအကန့် အသတ်ကို သိတတ်ရေးသည်လည်း နှလုံးသားအတွင်း ဒေါသ အာဃာတကင်းစင်ရေးနည်းတူ အရေးကြီးလှပါသည်။

"မင်းကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမင်းကို ဒုက္ခမပေးနိုင်ပါဘူး" ဟု မဟတ္တမ ဂန္ဓီကြီး ဆုံးမပြောဆိုခဲ့သည့် သြ၀ါဒစကားသည် ကျွန်မအတွက်သာမက မည့်သည့် အလုပ်အကိုင်မျိုးရှိသူအတွက်မဆို အဖိုးတန်အေသာ စကား၊ အနက် အဓိပ္ပါယ် ပြည့်ဝသောစကားဖြစ်ချေသည်။

Advice- Reader's Digest, FEB 1956

zaw: Madam Vijaya Lakshmi Pandit ဆောင်းပါး ဘာသာပြန်ရာတွင် နာမည်ရင်းမှာ မဒမ်ဝိဂျာရ လက်ရှမီး ဖြစ်ပါသည်။ ပန်ဒစ် ဆိုသည်မှာ India တွင်ပညာတတ် ပညာရှိများကို တလေးတစား ခေါ်သော အခေါ်အဝေါ်ဖြစ်ပါသည်။
.....ခုလိုအသိပေးတာ ကျေးဇူးတင်ပါသည်။
 

No comments:

Post a Comment

Blog Widget by LinkWithin